Download !

Pretty Woman (1990)

0 views

ဇာတ်လမ်းက အချစ် အပျော်လေးပေါ့။
escortမလေး (ခေတ်စားနေတဲ့ စကားနဲ့ဆို ရွှေကြာလေး) Vivian နဲ့ အကြောင်းအပေါင်းကြုံလို့ တွေ့ဆုံခဲ့တဲ့ ချမ်းသာတဲ့ စီးပွားရေးသမား Edward တို့ရဲ့ ခေတ်သစ် စင်ဒရဲလားပုံပြင်လေး။
အဆင့်မတူ ကြီးပြင်းပုံမတူ အပြုအမူမတူတဲ့သူနှစ်ဦးရဲ့ မဖြစ်နိုင်တဲ့ အချစ်ဇာတ်လမ်းလေး။
ကြည်နူးစရာကောင်းတယ်။

ငယ်ငယ်တုန်းက ကြည့်တုန်းကတော့ Julia Roberts ချောလိုက်တာ Richard Gere က စိတ်ကူးယဉ်စရာ Prince on the White Horse ပေါ့။
ခုနောက်ပိုင်း ဒီအလုပ်လုပ်တဲ့ မိန်းကလေးတွေအကြောင်း ရုပ်ရှင်တွေ ထွက်လာတိုင်း Pretty Woman နာမည်ကို ပြန်ပြန်ဖော်လာကြတော့ နည်းနည်းထူးဆန်းသွားတယ်။
ကိုယ်ကြည့်တုန်းက ရွှေကြာဆင်ပယ်သိုက်ဇာ လို့ မခံစားခဲ့ရဘူးလေ။
အဲ့တာနဲ့ ပြန်ကြည့်မိတော့ နည်းနည်းမတူတာလေးတွေ တွေ့ရတယ်။
ကိုယ်လိုရာ ကိုယ်ဆွဲတွေးတယ်ပဲ ဆိုပါစို့။

မင်းသမီးရဲ့ ဇာတ်ရုပ်အကြောင်းပဲ ကြည့်ကြတာပေါ့။
သူက လမ်းပေါ်က မိန်းကလေး
ဒါမယ့် ပထွေးရန်က လွတ်အောင် ထွက်ပြေးလာတာတို့ ဘာတို့ မဟုတ်ဘူး။
one bad decision after another အမှားတစ်ခုကနေ နောက်တစ်ခုနဲ့ ဒီလမ်းပေါ် ရောက်လာတာ။
အကုသိုလ်တွေ ဘဝအကျိုးပေး မကောင်းလို့တွေ ဒရာမာ မပါဘဲ escort ဖြစ်လာတယ်ပေါ့ (ညံ့ပါ့နော် … သည်းခြေကြိုက် မလိုက်တတ်ဘူး)။
ဒီအလုပ်ကြီးကို သိပ်ကြိုက်လှတယ် မဟုတ်ဘဲ လုပ်နေရကြောင်းကို ပထမဆုံးညက ငိုလိုက်ရတာလို့ ပြောတာလောက် သူ့အလုပ်အကိုင်ကို လူမသိစေချင်တာလောက်ပဲ ပြသွားတယ် (ငါက ရွှေညာ ဘလားဘလားဘလား လက်ညိုးထိုး အော်ခဲ့ပါတော့လား)။
စကားပြောတာလဲ ညစ်ညစ်ညမ်းညမ်းမပါဘဲ လေယူလေသိမ်း အပြုအမူနဲ့ပဲ အဆင့်မရှိတာ ပြတယ်။
ဒါတောင်သူက သူ့စကပ်ကို ဆွဲဆွဲချနေသေးတာ
လူချမ်းသာကြီးနဲ့ ပွပေါက်တိုးတော့ အလိုက်အထိုက်နေရင်း အဆင်ပြေလာတယ်ပေါ့။
ချစ်သူကလဲ လက်ခံပြီး လူတွေကလဲ လက်ခံလာတယ်ပေါ့။

အဲ့မှာ Vivian က escort တစ်မျိုးသမီးလုံးကို ကိုယ်စားပြုတဲ့ ကာရိုက်တာ ဖြစ်လားဆိုတော့ မဖြစ်ဘူးရယ်။
ဘာကွာသွားလဲဆိုတော့ Vivian က ကြိုးစားတယ် ရိုးသားတယ် သူ innocent ဆိုတာ ခံစားရတယ်။
သူ အကျီသွားဝယ်တယ် သူ့ကိုမရောင်းဘူး ဘာလို့မရောင်းလဲ သူသိတယ် ကူညီနိုင်မယ့်လူကို ရိုးရိုးသားသား ပြောပြတယ်။

ညစာစားပွဲသွားရမယ်နော် သူ ဇွန်းခရင်းမကိုင်တတ်ဘူး အဲ့တာကို ကြို သင်သွားတယ်။
သူက သင်လွယ်တတ်လွယ် ဒါကို သူရောက်မယ့် နေရာမှာ အသုံးချပြီး ဝင်တိုးသွားတာ ပြတယ်။
Escort တိုင်းက Vivian လို ဖြစ်နိုင်မလားဆိုတာတော့ မသိနိုင်ဘူးလေ။
သူက Vivian ကိုပဲ ပြတာ။
အရည်အချင်းမနည်းလှတဲ့သူ အခွင့်အရေးပေးလိုက်တော့ ပိုကောင်းတဲ့ နေရာရောက်သွားတယ် ဒါလောက်ပဲ။ (အမေရိကားမှာ မလို့လားတော့ မသိဘူးပေါ့လေ)
ရွံစရာ စိတ်နာစရာ သံဝေဂရစရာ ဘာညာ ဘာညာမပါဘူး။
ချစ်စရာကောင်းတယ်
အပေါ်ယံလောက်ပဲ ပြတယ်လို့လဲ ပြောလို့ရတယ်။
သူတို့အလုပ်ခွင်မှာ အနိုင်ကျင့်ခံရတာ ခွဲခြားခံရတာ ရှိမှာပဲ။
ဒါကိုပြတဲ့ အခြားရုပ်ရှင်တွေ ရှိပါတယ်။
Pretty Woman ကတော့ ဒီလောက်အကြီးကြီး မသွားဘဲ လူတစ်ဦးတစ်ယောက်ကိုပဲ ကွက်ပြသွားတယ်။
နောက်ဆုံးနည်းလမ်းလို့ လက်ခံထားတဲ့ ဒီအလုပ်လုပ်တဲ့သူတွေမှာတောင် ဒီလိုကိုယ့်ကိုကိုယ်မြှင့်တင်နိုင်တဲ့သူတွေ ရှိပါသေးတယ် ဆိုတာလောက်တော့ ချဲ့တွေးလို့ ရတာပေါ့။
ကိုယ်သေချာမသိတဲ့ အသိုင်းအဝိုင်း profession တစ်ခုကို သိမ်းကြုံး ကိုယ်စားပြုဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပဲ။
အရမ်း researchတွေ လုပ်ထားနိုင်တယ်ဆိုရင်တောင် အားလုံးကို ခြုံငုံမိနိုင်ဖို့ မလွယ်ဘူး။
Documentary ဆိုရင်တော့ တစ်မျိုးပေါ့။
ရုပ်ရှင်အနေနဲ့တော့ အောင်မြင်ဖို့ ခဲယဉ်းလိမ့်မယ်။

Pretty Woman က ရွှေကြာဆင်ပယ်သိုက်ဇာလို့ ပြောရင်တော့ လက်မခံချင်ဘူး။
ရိုးသားကြိုးစားရင် ဘယ်နေရာကနေမဆို ရုန်းထွက်နိုင်တာ ပြတဲ့ရုပ်ရှင်ဆိုတာ ပိုဖြစ်သင့်တယ် ထင်တယ်။
အဲ … မရိုးသားရတဲ့အထဲ ကြိုးစားချင်စိတ်လဲ မရှိရင်တော့ ရွှေကြာဖြစ်ရင်တောင် တင်းမပြည့် ကျပ်မပြည့် လေးထောင့်ရွှေကြာလေးပဲ ဖြစ်မယ်ထင်တယ်။